စာချုပ်သက်တမ်းပြည့်ပြီဖြစ်သောကြောင့် အိုးထရက်ဖို့ဒ်ကို စွန့်ခွာတော့မည့် လူငယ်ကစားသမား အိန်ဂျယ်ဂိုမက်စ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အလားအလာရှိတဲ့ လူငယ်ကစားသမား အိန်ဂျယ်ဂိုမက်စ်ဟာ အသင်းနှင့် စာချုပ်သက်တမ်းပြည့်ပြီဖြစ်သည့်အတွက်ကြောင့် အိုးထရက်ဖို့ဒ်ကို စွန့်ခွာတော့မည်ဖြစ်ကြောင်း နည်းပြ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဂိုမက်စ်ကို စာချုပ်သက်တမ်းမကုန်ခင်ကတည်းက သက်တမ်းတိုးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ကစားသမားဘက်က လက်မခံတာကြောင့် လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်နေ့မှာတော့ အိန်ဂျယ်ဂိုမက်စ်ဟာ ယူနိုက်တက်နှင့် စာချုပ်သက်တမ်းပြည့်တာကြောင့် ၁၄ နှစ်ကြာ ဖြတ်သန်းလာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာတော့မှာပါ။

ဂိုမက်စ်ဟာ အသက် ၆ နှစ်ကတည်းက မန်ချက်စတာယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီကိုရောက်လာခဲ့တာဖြစ်သလို၊ ၂၀၁၇ ခုနှစ်ကတည်း ယူနိုက်တက် လူငယ်အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ဖူးပါတယ်။ ပြီးခဲ့တပတ်က ဆိုးလ်ရှားဟာ ဂိုမက်စ်ကို စာချုပ်သက်တမ်းထပ်တိုးဖို့ မျှော်လင့်ထားသော်လည်း လက်တွေ့မှာတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ခဲ့ရပါတယ်။ ဂိုမက်စ်နဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက “ရိုးရိုးသားသားပြောရရင် မနေ့ညကရော၊ ဒီကနေ့မနက်ရောအထိ ဒီသတင်းနဲ့ပတ်သတ်ပြီး တစုံတရာမကြားမိဘူး။ ကြည့်ရတာ အဆင်မပြေဘူးနဲ့တူပါတယ်။ အဖြေကတော့ လိုရင်းတိုရှင်းပဲဖြေလိုက်တော့မယ်ဗျာ ။ ဟုတ်တယ်။ သဘောတူညီမှုမရခဲ့ဘူး” လို့ ပွင့်ပွင့်လင်းလင်း ဆိုးလ်ရှားက ဖြေကြားခဲ့ပါတယ်။

All Football

Sports Village

Sports Village